Top Bar

ပဲအရောင်းအဝယ်စာချုပ်များ မှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်းများ

အဓိပ္ပါယ်သတ်မှတ်ချက်များ။

၁။ ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)တွင် စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်း ဆိုသည်မှာ ရန်ကုန်တိုင်း ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကျင်းပသော ပဲမျိုးစုံ စုပေါင်းရောင်းချပွဲသို့ အသင်းဝင် ပဲ Exporter နှင့် Buyer တက်ရောက်ပြီး နှစ်ဦးသဘောတူ အရောင်းအဝယ်ပြုလုပ်ထားသော အရောင်းအဝယ်ဖြစ်သည်။ ထိုစာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းတွင် အောက်ဖေါ်ပြပါ လုပ်ငန်း အဆင့်ဆင့်ကို ဆောင်ရွက်ထားပြီး ဖြစ်ရပါမည်။

(က)ပဲ Exporterသည် ပဲမျိုးစုံစုပေါင်းရောင်းချပွဲကို တက်ရောက်ကြောင်း လက်မှတ်ရေးထိုးပြီး ဖြစ်ရပါမည်။
(ခ)ပဲ Buyerသည် ပဲမျိုးစုံစုပေါင်းရောင်းချပွဲကို တက်ရောက်ကြောင်း လက်မှတ်ရေးထိုးပြီး ဖြစ်ရပါမည်။
(ဂ)ပဲေပဲရောင်းချသည့်ပွဲသို့ ပဲ Exporter နှင့် Buyer နှစ်ဦးစလုံး တက်ရောက်သည့်နေ့ရက်တွင် နှစ်ဦးသဘောတူ ရောင်းချပြီးဖြစ်ကြောင်း မှတ်တမ်းတင်ပြီး ဖြစ်ရပါမည်။

၂။ ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်) ပြင်ပတွင် စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်း ဆိုသည်မှာ အထက်အပိုဒ် (၁)တွင် ဖေါ်ပြခဲ့သော စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းများမှအပ ကျန်စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းအားလုံးကို ဆိုလိုသည်။ ယင်း စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းတွင် ဖက်စ်၊ အီးမေးလ်တို့ဖြင့် စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းလည်း ပါဝင်သည်။

ရန်ကုန်တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ရန်ကုန်တိုင်းကုန်စည်ဒိုင်) အသင်းဝင်ခြင်း။

၃။ စာချုပ်ချုပ်ဆိုရောင်းဝယ်ခြင်းကို လာရောက်မှတ်ပုံတင်သည့် ပဲတင်ပို့သူ Exporter ကုမ္ပဏီများသည် ရန်ကုန်တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ အသင်းဝင် ဖြစ်ရပါမည်။

၄။ စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းများကို လာရောက်မှတ်ပုံတင်သည့် ပဲတင်ပို့သူ Exporter ကုမ္ပဏီများသည် ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ အသင်းဝင်မဖြစ်သေးပါက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အသင်းဝင်အဖြစ် လျှောက်ထားရမည်။

၅။ ယာယီအားဖြင့် ရန်ကုန်တိုင်းကုန်စည်ဒိုင်အသင်းဝင်အဖြစ်သေးသော ပဲတင်ပို့သူ Exporter များသည် အောက်ပါစာရွက်စာတမ်း အထောက်အထားများကို ပူးတွဲတင်ပြရပါမည်။

ကုမ္ပဏီမှတ်ပုံတင် မူရင်း။
ပုံစံ (၆)(၂၆) မူရင်း။
ထုတ်ကုန်သွင်းကုန် မှတ်ပုံတင် မူရင်း။
ပဲ Buyer များ မှတ်ပုံတင်ခြင်း။

၆။ မြန်မာနိုင်ငံတွင် ပဲဝယ်ယူရန်အတွက် ကုမ္ပဏီရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံခြား ပဲ Buyerများသည် သတ်မှတ် ထားသော ပုံစံတွင် ဖြည့်စွက်လျက် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲဝယ်ယူသူ (Buyer) ဖြစ်ကြောင်း မှတ်ပုံတင်ရမည်။

၇။ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံးခွဲ ဖွင့်လှစ်ထားခြင်းမရှိပဲ အဝယ်တော်ကိုယ်စားလှယ်သာရှိသော နိုင်ငံခြား ပဲ Buyer များသည် သတ်မှတ်ထားသော ပုံစံတွင် ဖြည့်စွက်လျက် မြန်မာနိုင်ငံရှိ အဝယ်တော်ကိုယ်စားလှယ် အတွက် ကိုယ်စားလှယ်ခန့်စာ မူရင်းကို တင်ပြလျက် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲဝယ်ယူသူ (Buyer) ဖြစ်ကြောင်း မှတ်ပုံတင်ရမည်။

၈။ နိုင်ငံခြားမှ ဖက်စ်ဖြင့်လည်းကောင်း၊ အီးမေးလ်ဖြင့်လည်ကောင်း မြန်မာနိုင်ငံမှ ပဲများဝယ်ယူသော ပဲဝယ်ယူသူများ သည် မြန်မာနိုင်ငံ ပဲတင်ပို့မည့် ပဲတင်ပို့သူ Exporter ကုမ္ပဏီမှတဆင့် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲဝယ်ယူသူ (Buyer) ဖြစ်ကြောင်း မှတ်ပုံတင်ရမည်။

အရောင်းအဝယ်စာချုပ် ချုပ်ဆိုခြင်း။

၉။ ပဲအရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုသည့်အခါ ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)က သတ်မှတ်ထားသော စာချုပ်ပုံစံဖြင့် စာချုပ် (၄)စောင်ပြုလုပ် ချုပ်ဆိုရမည်။

၁၀။ရန်ကုန်တိုင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)တွင် စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းအတွက် စာချုပ်များကို ကုန်စည်ဒိုင်တွင် မှတ်တမ်းတင်သည့် ရက်စွဲအတိုင်း ချုပ်ဆိုရမည်။

၁၁။ရန်ကုန်တိုင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်) ပြင်ပတွင် စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းအတွက် စာချုပ်များကို စနေနေ့၊ တနင်္ဂနွေနေ့နှင့် အခြားအစိုးရ ဂေဇက်ဝင် ရုံးပိတ်ရက်များမှအပ ကျန်ရုံးဖွင့်ရက်များတွင် ချုပ်ဆိုရမည်။

၁၂။အရောင်းအဝယ်စာချုပ် ချုပ်ဆိုရာတွင် ပဲဈေးနှုန်းများသည် စာချုပ်ချုပ်ဆိုသည့် ရက်အတွက် ရန်ကုန်တိုင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)က သတ်မှတ်ထားသော ဈေးနှုန်းများနှင့် အညီ ချုပ်ဆိုရမည်။

၁၃။အရောင်းအဝယ် စာချုပ်ချုပ်ဆိုရာတွင် ဝယ်ယူသူကုမ္ပဏီအတွက် လက်မှတ်ရေးထိုးသူသည် အထက်အပိုဒ်(၆)(၇) (၈)အရ မှတ်ပုံတင်ထားသော ပဲဝယ်ယူသူ (Buyer)က လက်မှတ်ရေးထိုးရန် သတ်မှတ်ထားသူကသာ လက်မှတ် ရေးထိုးရမည်။

၁၄။ရန်ကုန်တိုင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်) ပြင်ပတွင် စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းအတွက် စာချုပ်များကို မှတ်ပုံတင်ရန်အတွက် ပဲတင်ပို့သူ (EXPORTER)က တင်ပြသည့် အရောင်း အဝယ်အတွက် ဖြစ်ပေါ်လာမည့် ကိစ္စများကို လုံးဝ တာဝန်ယူကြောင်း ဂတိခံဝန်ချက် ပူးတွဲတင်ပြရမည်။

အရောင်းအဝယ်စာချုပ်များ မှတ်ပုံတင်ခြင်း။

၁၅။အရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီး(၂)ရက်အတွင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)သို့ စာချုပ် (၄)စုံဖြင့် လာရောက်မှတ်ပုံတင်ရမည်။

၁၆။မှတ်ပုံတင်ပေးရန် တင်ပြလာသော အရောင်းအဝယ်စာချုပ်များကို ရန်ကုန်တိုင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)သည် စစ်ဆေးပြီးနောက် အချက်အလက်များပြည့်စုံမှန်ကန်သည် စာချုပ်များကို မှတ်ပုံတင်ပေးပါမည်။

၁၇။မှတ်ပုံတင်ပေးမည့်စာချုပ်များကို မှတ်ပုံတင်ပေးရန် လာရောက်တင်ပြသည့်နေ့ရက်၏ နောက်တစ်နေ့တွင် ပဲတင်ပို့သူ (EXPORTER)သို့ ပြန်လည်ထုတ်ပေးပါမည်။

၁၈။အရောင်းအဝယ်စာချုပ်များကို မှတ်ပုံတင်ပေးသည့်အတွက် စာချုပ်မှတ်ပုံတင်ကြေးအဖြစ် ရန်ကုန်တိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)တွင် စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းအတွက် တစ်တန်လျှင် ကျပ်နှစ်ဆယ့်ငါးတိတိနှုန်းဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (ကုန်စည်ဒိုင်) ပြင်ပတွင် စာချုပ်ချုပ်ဆို ရောင်းဝယ်ခြင်းအတွက် တစ်တန်လျှင် ကျပ်ငါးဆယ်တိတိနှုန်းဖြင့်လည်းကောင်း၊ အသင်းဝင်မဖြစ်သေးသော ပဲတင်ပို့သူ (Exporter) များ၏ စာချုပ်များအတွက် တစ်တန်လျှင် ကျပ်တစ်ရာတိတိနှုန်းဖြင့်လည်းကောင်း ပေးသွင်းရမည်။

Footer Background